Saturday, July 2, 2016

အသိ


သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား?
========================================
ဒကာ။ ။ ကျောင်း ဘုရား စေတီပေါင်း ရှစ်သောင်းလေးထောင်ပေးလှူကာ သားတော် ရှင်မဟာမဟိန္ဒ သမီးတော်သင်္ဃမိတ္တထေရီမတို့၏ ဖခင်ကြီးဖြစ်တဲ့ အထက်တစ်ယူဇနာ အောက်တစ်ယူဇနာ အစိုးရတော်မူတဲ့ အသောကရာဇာ မင်းတရာကြီးဟာ ဆီးဖြူသီးတစ်ခြမ်းကို မြေခွက်နဲ့ ထည့်ပေးရမလားလို့ ဒေါသနဲ့ သေသွားတော့ စပါးကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါရဲ့လား ဆရာတော်၊ ပိဋကတ်တော်မှာ ဒီစကားများ ပါ ပါသလား ဘုရား။

ဆရာ။ ။ အင်း.. ထေရ၀ါဒ သာသနာဝင် ပါဠိ အဋ္ဌကထာ ဋီကာ ပိဋကတ်တော်များမှာတော့ ဒီလို အမှာစကားမျိုး မပါ မရှိဘူး၊ သူရဲ့ ဘုန်းတန်ခိုး ကြီးကြောင်းကိုတော့.....
သကလံ မေဒနိံ ဘုတွ၊
ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎမာလက မတ္တဿ၊
အန္တေ ဣဿရတံ ဂတော။
သကလံ မေဒနိံ ဘုတွာ = မောရိယ အင်ပိုင်ယာကြီးနဲ့တကွ ဇမ္ဗူကျွန်းခွင် မိုးကောင်းကင် ရေပြင် မြေအောက်ယူဇနာပေါက်အောင် အခွန်တော်အဆီ အနှစ် တို့ကို ကောက်ယူ သုံးဆောင်ခံစားပြီး၍……
ဒတွာ ကောဋိသတံ သုခီ = စေတီ ကျောင်းဆောင်ရှစ်သောင်း လေးထောင်တို့ကို အသပြာငွေ ကုဋေတစ်ရာဖိုးမျှ ကုန်ကျတည်ဆောက်ကာ ချမ်းသာစွာပေးလှူပြီးသော ဓမ္မာသောကမင်းကြီးသည်….
အဍ္ဎမာလက မတ္တဿ အန္တေ = သက်ရွယ်တော်အိုမင်း၍ ကိုယ့်ကိုယ်ကိုမျှ မနိုင်မနင်းသောကာလ နောက်ဆုံးအချိန်ကျကာမှ ဆီးဖြူသီးတစ်ခြမ်းကိုမျှသာ……
ဣဿရတံ ဂတော = ဘုန်းတန်ခိုးတွေယိုင်၍ စိုးပိုင်သောသူအြ
ဖစ်သို့ရောက်ရလေတော့သတည်း။ ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းတော်ကြီးများမှာ လာတာကို ဂါထာနဲ့တွေ့ရတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ဒါလောက်သုံးမကုန် လှူမခန်း ချမ်းသာတဲ့ မင်းတရားကြီးဟာ နောက်ဆုံးမှာ ရင်နင့်စရာခံစားချက် မြေခွက်ကလေးတစ်ခုနဲ့ ဆီးဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်ရတယ်ဆိုတာကတော့ ဘာ့ကြောင့်ပါလဲ ဆရာတော်၊ သိသလောက်ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဒီအကြောင်းအရာတွေက ထေရ၀ါဒ သင်္ဂါယနာပါဠိ အဋ္ဌကထာ ဋီကာတို့မှာအပြည့်အစုံ မပါဘူး၊ နည်းနည်းစီပဲပါတယ်၊ အများအားဖြင့် သက္ကတဘာသာ ( ဒိဗ္ဗ၀ါဒါန) ဒိဗျာဝါဒါန၊ အာသုဗောဓစတဲ့ ကျမ်းတွေမှာ ပြဆိုထားတာကတော့……
မင်းကြီးအိုမင်းမကျန်းရှိသောအခါ အလှူအတန်းတွေ များလွန်းတယ်ဆိုပြီး ဗြဟ္မဏအနွယ်ဝင် များဖြစ်တဲ့ သာသနာမကြည်ညိုသူ (ဟိန္ဒူ) မှူးကြီးမတ်ကြီးတို့က မြေးတော်အိမ်ရှေ့စံ သမ္ပဒိမင်းသားနဲ့ တိုင်ပင်ကြပြီး ဘဏ္ဍာတိုက်တွေကို သိမ်းလိုက်ကြတယ်တဲ့။
ဒကာ။ ။ ဟာ… သည်လိုဆို မင်းကြီးတော့ ဒုက္ခပေါ့၊ ဘယ်ပေးလှူနိုင်ပါတော့မလဲ၊ ပေးလှူစရာ မရှိတော့ဘူးပေါ့ ဆရာတော်၊ သံဝေဂယူစရာပဲနော်။
ဆရာ။ ။ အင်း… မင်းကြီးကတော့ ဒါနပါရမီသမားပဲ၊ ဒါနဘက်က မလျှော့ဘူး၊ ဒီဘုရား သာသနာတော်မှာ အသောကရာဇာကို ဘယ်သူမှ မမီဘူး၊ အနာထပိဏ်တို့ ၀ိသာခါတို့ လှူတာက ကုဋေတစ်ရာမှ မပြည့်ဘဲဟာ၊ ကုဋေတစ်ရာပြည့်လို့လား။
ဒကာ။ ။ ဆရာတော် သိသလောက် ဆက်လက်မိန့်ကြားပါဦး ဘုရား၊ ဒကာကြီးတို့ နာယူလျက်ပါ။
ဆရာ။ ။ အင်း. ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ ချိပ်ပိတ်လိုက်တော့ကာ မင်းကြီးထံ ပို့ဆက်ရတဲ့ ရွှေဇွန်း ရွှေပန်းကန် ပွဲတော်အုပ်ကိုပဲ မင်းကြီးပိုင်ဆိုင်တော့တယ်။
အဲဒီအခါ သူ့ဆီယူလာတဲ့ ရွှေပွဲတော်အုပ်ကိုပဲ သူဆောက်လုပ်ထားတဲ့ ပါဋလိပုတ်ပြည်ရှိ ကုက္ကုဋာရုံ ကျောင်းတော်ကြီးကို ပေးလှူ ပေးလှူ လိုက်ပြန်တယ်တဲ့။
အဲဒီအကြောင်းကို ၀န်ကြီးများကြားသိပြန်တော့ဒီမှာ​ဒေါင်းပါကာ ငွေခွက်ပွဲတော်အုပ်နဲ့ ပို့ဆက်စေပြန်တယ်တဲ့၊ ငွေပွဲတော်အုပ်ကိုလည်း သူ့ရဲ့ကျောင်းတော်ကြီးကိုပဲ ပေးလှူပေးလှူ ပစ်ပြန်တော့ကာ ကြေးပွဲတော်အုပ်နဲ့ ပို့ဆက်ကြပြန်တယ်။
ကြေးအိုး ကြေးခွက် ပွဲတော်အုပ်ကိုလည်း ရှေးနည်းအတိုင်းပဲ ပေးလှူပစ်ပြန်တော့ကာ ဗုဒ္ဓသာသနာတော်ကို မျက်မုန်းကျိုးတဲ့ တန်ခိုးအာဏာရှိ ၀န်ကြီးများက မြေခွက်မြေအိုး မြေပန်းကန်တွေနဲ့သာ ပွဲတော်အုပ်အသုံးအဆောင်များကို ပို့ဆက်စေရမည်၊ ရွှေ ငွေ သံ ကြေးများ မင်းတရားကြီး တောင်းခံတိုင်း မပေးရဟု ဘဏ္ဍာရေးဝန်ကြီးအား တားမြစ်လိုက်ကြတယ်တဲ့။
အဲဒီအချိန်ကစပြီး မင်းတရားကြီးရဲ့ စားပွဲခုံအပေါ်မှာ မြေအိုး မြေခွက် မြေပန်းကန် အသုံးအဆောင်တွေ သာ ဖြစ်ကုန်တော့တာပဲတဲ့။
သို့ရာတွင် အသောကဘုရင်ကြီးက သူပိုင်ဥစ္စာ သူ့နောက်ပါမည့် ကုဋေတစ်ရာဖိုးမျှမကသော ရွှေငွေရတနာတွေကို ပေးလှူပြီးသားဖြစ်နေသောကြောင့် သူ့အတွက် ဘာမျှစိုးရိမ်သောက မရောက်ပါဘူးတဲ့၊ ကျေနပ်သော မျက်နှာဖြင့် သူ့အားချစ်ကြောက်ရိုသေ သူတစ်ဦးဖြစ်သော အစောင့်ဝန်ကြီး ရာဓဂုတ္တကို (အဘယ်သူသည် မောရိယတိုင်းဣန္ဒိယပြည်ကြီး၏ ဘုရာဖြစ်သလဲဟု) မေးတော်မူသောအခါ ၀န်ကြီးက ရိုသေစွာ ဦးညွတ်လျက် အရှင်မင်းတရားကြီးသာ ဇမ္ဗူဒိပ်ကျွန်းကြီး၏ အရှင်သခင်ဖြစ်ပါသည်ဟု လျှောက်ကြားလေသည်တဲ့။
ထိုအခါ မင်းမြတ်က သင်ဟာ ငါ့အား ချစ်ကြောက်လေးစားသူဖြစ်ပါလျက် အဘယ့်ကြောင့် မမှန်စကား မြှောက်ပင့်ပြောကြားဘိသနည်း၊ ငါသည် ဘုရင်မဟုတ်တော့ပြီ၊ ဘုရင်ဘ၀မှ လျောကျခဲ့လေပြီဟု မိန့်ကြားတော် မူတယ်တဲ့။
မင်းကြီးသည် တတိယသင်္ဂါယနာတင် ကုသိုလ်တော်ရှင်ဖြစ်၍ (သဗ္ဗေ သင်္ခါရာ အနိစ္စာ) ဖြစ်သမျှ မုချပျက်ရမည်ကို ကြိုတင်သိထားသူ ဆရာကောင်းတပည့် ဖြစ်ရကား အဘယ်မှာလျှင် နှလုံးမသာစိုးရိမ်ရင်နာခြင်း ဖြစ်တော့အံ့နည်း။

0 commentsဒီမှာ​ရေးခဲ့ပါ:

Post a Comment

myat1500.m@gmail.com